My self

ကိုယ့်အကြောင်း စာစီစာကုံးပါ တဲ့။


Thet Wai က challenge လုပ်ပါတယ်။
ဘယ်နှမှတ်ပေးမှာလဲတော့ မသိ၊ အမှတ်တရတွေတော့ ဖြစ်ကျန်ရစ်မှာပါ။

နံမည်က မေစည်သူအောင်ပါ။
ကိုယ့်နံမည်ကို စာလုံးပေါင်းမှားရေးရင် မကြိုက်၊ အလွန်စိတ်ဆိုးသူ။
အချိန် မလေးစားသူ နောက်ကျသူ ဖြစ်ရမှာ အလွန်စိုးရိမ်ကြောင့်ကြ တတ်သူမို့ ချိန်းထားတာရှိရင် အစောကြီးကြို ပြင်ကြို ကြို တင်တင်ရောက်တတ်သူ ပေမယ့် စာမေးပွဲဆိုရင်တော့နီးမှကပ်မှ ဖုတ်ပူမီးတိုက် အိုးနင်းခွက်နင်း စာကျက်တတ်သူ။
ဝမ်းနည်းစရာကောင်းတဲ့ ရုပ်ရှင်ကြည့်ရင်း၊ သီချင်းနားထောင်ရင်း ဒါမှမဟုတ် ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်နေတဲ့ မနှစ်မြို့စရာ သတင်းတွေမြင်တိုင်း ဝမ်းနည်းမျက်ရည်ကျတတ်သော်လည်း ဆုံးဖြတ်ချက်ချပြီဆိုရင်တော့ ဘယ်သူသေသေ ငတေမာရင်ပြီးရော မသနားတတ် ပိုင်းဖြတ်ချတတ်သူ။
စိတ်တို စိတ်ဆတ် စိတ်ဆိုးလွယ် ပေမယ့် အငြိုးအတေးမထားတတ်။
စိတ်မြန် ပေမယ့် နှစ်သက်ရာ ယုံကြည်ရာကိုတော့ စိတ်ရှည်လက်ရှည်လုပ်တတ်သူ။
အစားအသောက်ကောင်း နှစ်သက်ခုံမင်သော်လည်း ကြုံရင်ကြုံသလို ဖြစ်သလို စားတတ်သူ။
လှလှပပ ဝတ်စား ဆင်ယင် သွားလာတတ်သော်လည်း ဘိုသီဘတ်သီ နေချင်သူ။
အင်္ဂလိပ် စကားကို သွက်သွက်လက်လက် ပြောနိုင်သော်လည်း အဆင့်မြင့် အင်္ဂလိပ်စာကိုမူကား ကောင်းကောင်းမတတ်။
အသေးစိတ် planနှင့် တိတိကျကျ လုပ်တတ်သော်လည်း ပြောင်းလဲရမှာ ဝန်မလေးသူ။
အခြေအနေ အကြောင်းအရာတွေကို ဟိုတွေးဒီတွေး သံသယတွေ ပွားနေတတ်ပေမယ့် လူတွေကိုတော့ အယုံလွယ်သူ။
မိဘ ညီအကို မောင်နှမ ဆွေမျိုး သားချင်း မိတ်ဆွေ သူငယ်ချင်းများကို လွမ်းနေတတ်သော်လည်း ခပ်ဝေးဝေးပဲ နေချင်သူ။
သူများပြောတာတွေ စိတ်ဝင်တစား တလေးတစား အချိန်မရွေး နေ့ညမအား နားထောင်ပေးတတ်သော်လည်း အရည်မရအဖတ်မရ မဟုတ်တမ်းတရားတွေပြောလာလျှင်တော့ ခပ်ရိုင်းရိုင်း စကားဖြတ် ထထွက်သွားတတ်သူ။
စိတ်ကြည်နေလျှင် အရာရာသည်းခံ နားလည်ပေးတတ်သလောက် စိတ်မထင်လျှင် မထင်သလို အငေါ်တူး ဘုဘောက် ပြောတတ်သူ။
ရိုးရိုး ရှင်းရှင်း နေတတ်သော်လည်း စကားကြီးစကားကျယ်များဖြင့် ဆရာလုပ်တတ်သူ။
ဆယ်ကျော်သက်အရွယ်ကတည်းက ကဗျာတွေ စာတိုပေစကလေးတွေ တောင်ခြစ်မြောက်ခြစ် ခြစ်တတ်သော်လည်း ကဗျာရေးသူ စာရေးသူ အဖြစ် မခံယူ (ကိုယ်ကဝမ်းစာ မပြည့်သူမို့ ဤအမည်နာမ ခေါင်းစဉ်နှင့်နေထိုက်သူမဟုတ်ဟုထင်သူ)။
စာပေ ဝါသနာထုံသော်လည်း စာဖတ်ရမှာ အလွန်ပျင်းသူ။
သီးသီးသန့်သန့် အေးအေးဆေးဆေး နေတတ်သော်လည်း စင်ပေါ်တက် လူအများကြား စကားပြောဖို့ရာလည်း ဝန်မလေးတတ်။
ကိုယ့်အတွက်ကိုယ် လုပ်ရမှာ အပျင်းထူသော်လည်း လူအများအတွက်ဆို ဇွဲနဘဲ နဲ့ အားကြိုးမာန်တက် မအိပ်မနေ တက်ကြွ လုပ်ဆောင်တတ်သူ။
ပေါက်ကွဲလွန်း ဆူညံလွန်း ပြင်းထန်လွန်းသော အသံများကိုနားမခံနိုင်သော်လည်း Rock သီချင်းများကို မမုန်းတတ်သူ။
သီရေတာ ထဲမှာ ဖျော်ဖြေသော ဂီတ အနုပညာတင်ဆက်မှုများကို အရသာခံ ပျော်ဝင်တတ်သော်လည်း လမ်းဘေးက သွားရင်းလာရင်း အနုပညာများကိုလည်း လေးစားနှစ်ခြိုက်လက်ခုပ်တီးပေးတတ်သူ။
ကိုယ့်အိမ်တွင်ကိုယ် သက်တောင့် သက်သာအရှိဆုံးဖြစ်ပေမယ့် အိမ်မကပ်၊ အားအားရှိ အပြင်ထွက်ရန်ကြံစည်နေတတ်သူ။
ခွေး၊ ကြောင် ကစလို့ တိရိစ္ဆာန်ပေါင်းစုံ အကောင်ပလောင် ပေါင်းစုံ (ပိုးဟပ် မုန်းတာက ချွင်းချက်) ချစ်တတ်သော်လည်း ကလေးများကိုမူ သည်းခံ၍ မချစ်တတ်။
တယောက်ထဲနေရမှာ ပျင်းသော်လည်း လူများများ ကြားပွဲလမ်းသဘင်များကို တယောက်ထဲ သွားရလာရတာ နှစ်သက်သူ။
လူအများ၏အကြံပေးချက်များကို လေးစားလက်ခံတတ်သော်လည်း ဘယ်သူတိုက်တွန်း၍မျှ ကိုယ်မလုပ်လိုသောအရာဘာကိုမှ အားနာ၍မလုပ်တတ်။
စည်းကမ်း ဥပဒေ ဘောင်များကို အလွန်အမင်း လိုက်နာ ဆောင်ရွက်တတ်သော်လည်း လွတ်လပ်မှုကို ခုံမင်သူ။
ပိုက်ဆံ ငွေကြေး ရုပ်ဝတ္ထု ပစ္စည်းများ မစုဆောင်းတတ်သော်လည်း အတွေ့အကြုံ အသိ ခံစားမှုများကို စုဆောင်းတတ်သူ။
တကယ်တော့ ကိုယ်ဟာ ဆန့်ကျင်ဘက်များနှင့် နေသားကျနေသူ လူသားတယောက်သာ။
.
.
.
၇ အောက်တိုဘာ ၂၀၁၉


createdbymaysithuaung

Comments

Popular posts from this blog

This is a new for me.